သင့်တော်တဲ့ မျက်ကပ်မှန်ကို ဘယ်လိုရွေးချယ်မလဲ
မျက်ကပ်မှန်ဟာ အမြင်အာရုံအတွက် အထောက်အကူပြုရုံသာမက အလှအပအတွက်လည်း အသုံးဝင်ပါတယ်။ အနီရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ ရွှေရောင်၊ အညိုရောင် စသဖြင့် အရောင်စုံ ပြောင်းလဲတပ်မလား၊ မှေးနေတဲ့မျက်လုံးလေး ကျယ်စေတဲ့ Big Eyes တပ်မလား၊ အရုပ်မမျက်လုံးလေးလို ဖြစ်စေမယ့် Doll Eyes လေး တပ်မလား၊ ကြိုက်ရာရွေးချယ်လို့ ရပါတယ်။
အရေးကြီးဆုံးကတော့ မျက်စိနဲ့ အမြင်အာရုံကို မထိခိုက်ဘဲ ကိုယ်နဲ့အသင့်တော်ဆုံး ဖြစ်မယ့် မျက်ကပ်မှန်ကို ရွေးချယ်နိုင်ဖို့ပါ။ ဒါကြောင့် မျက်ကပ်မှန် အမျိုးအစားတွေနဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြောပြမှာ ဖြစ်ပါတယ်။
(1) မျက်ကပ်မှန်အပျော့ (Soft Contact Lenses)
အထူးပြုထားတဲ့ ပလတ်စတစ်နဲ့ ရေကို ပေါင်းစပ်ပြုလုပ်ထားတဲ့ မျက်ကပ်မှန်ဖြစ်ပြီး ပါဝင်တဲ့ရေက မျက်စိထဲကို အောက်ဆီဂျင်စိမ့်ဝင်နိုင်စေသလို မျက်စိခြောက်သွေ့ယားယံခြင်း မဖြစ်အောင် ကူညီပေးပါတယ်။ နေရောင်ခြည်ဒဏ်က ကာကွယ်ပေးတဲ့ UV Protection လည်း ပါဝင်ပြီး တပ်ရဖြုတ်ရတာလည်း သက်တောင့်သက်သာရှိပါတယ်။ မျက်ကပ်မှန်အပျော့တွေက အချိန်တစ်ခုထိ သုံးပြီးရင် (ဥပမာ- နှစ်ပတ်သုံး၊ တစ်လသုံးစသည်) စွန့်ပစ်ရပါတယ်။ တောက်လျောက်တပ်ထားလို့မရဘဲ ညဘက်မှာ ဖြုတ်ထားဖို့ လိုသလို နေ့စဥ်သန့်ရှင်းရေး လုပ်ဖို့ လိုအပ်ပါတယ်။ မျက်စိကို ယားယံဓာတ်မတည့်စေတဲ့ ဓာတုပစ္စည်းတွေ၊ ဘက်တီးရီးယားနဲ့ မှိုတွေကို စုပ်ယူထားနိုင်တာက မျက်ကပ်မှန်အပျော့ရဲ့ အားနည်းချက်ပါ။ နေ့စဥ်လဲလှယ်ရတဲ့ တစ်ခါသုံးမျက်ကပ်မှန်တွေကို တပ်တာက အဆိုပါ ဓာတ်မတည့်ခြင်းကို လျော့နည်းစေပါတယ်။
(2) အရောင်ပါတဲ့ မျက်ကပ်မှန်အပျော့ (Colored, Soft Contacts)
မျက်ကပ်မှန်အပျော့ကိုမှ အရောင်လေးတွေပါပြီး ကြိုက်တဲ့အရောင်ကို ရွေးချယ်တပ်နိုင်လို့ အလှအပကြိုက်တဲ့သူတွေနဲ့ သင့်တော်ပါတယ်။ မျက်စိဆရာဝန်နဲ့ တိုင်ပင်ပြသပြီးမှ တပ်ဖို့တော့ လိုအပ်ပါတယ်။
(3) အောက်ဆီဂျင် စိမ့်ဝင်နိုင်သော မျက်ကပ်မှန်အမာ (Rigid Gas-Permeable Lenses)
ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ မျက်ကပ်မှန်အမာဖြစ်ပြီး မျက်ကြည်လွှာဆီ အောက်ဆီဂျင်စိမ့်ဝင်နိုင်အောင် လုပ်ထားပါတယ်။ တပ်ရတာအနည်းငယ်မသက်မသာဖြစ်စေပေမယ့် မျက်ကပ်မှန်အပျော့ထက် ကြည့်ရတာပိုကောင်းသလို ဆလင်ဒါရှိသူတွေအတွက် ပိုသင့်တော်ပါတယ်။ နေ့စဥ်တပ်ထားလို့လည်း ရပြီး မျက်စိယားယံတာမျိုးမရှိရင် တပ်ပြီးညအိပ်လို့လည်း ရပါတယ်။ ၂ နှစ် ၃ နှစ်ကြာမှ အသစ်လဲလို့ရလို့ ကုန်ကျစရိတ်လည်း သက်သာပါတယ်။
(4) အဝေးရော အနီးရောကြည့်နိုင်သည့် မျက်ကပ်မှန် (Bifocal Contacts)
အသက်ကြီးလာတဲ့အခါ အနီးရော အဝေးရော မှုန်လာတဲ့သူတွေအတွက် အနီးအဝေးနှစ်မျိုးလုံးပါတဲ့ မျက်ကပ်မှန်ပါ။ အောက်ဆီဂျင် စိမ့်ဝင်နိုင်တဲ့ မျက်ကပ်မှန်အပျော့ အမျိုးအစားဖြစ်ပြီး ပါဝါကိုက်အောင် တတ်ကျွမ်းသူနဲ့ သေချာပြသစမ်းသပ်ပြီးမှ တပ်သင့်ပါတယ်။
(5) တစ်ဖက်ကအနီး တစ်ဖက်ကအဝေးမှုန်သူများအတွက် မျက်ကပ်မှန် (Monovision Lenses)
တချို့သူတွေက မျက်စိတစ်ဖက်က အဝေးမှုန်ပြီး နောက်တစ်ဖက်က အနီးမှုန်တာမျိုး ရှိတတ်ပါတယ်။ အာရုံစူးစိုက်တာ၊ ကားမောင်းတာမျိုးအတွက် ပြဿနာရှိနိုင်တာမျိုးပါ။ ဒီလိုလူတွေဆိုရင် တစ်ဖက်ကို အနီးအဝေးပါဝါနှစ်မျိုးလုံးပါတဲ့ မျက်ကပ်မှန်တပ်ပြီး နောက်တစ်ဖက်ကို အနီး သို့မဟုတ် အဝေးပါဝါတစ်မျိုးတည်း တပ်တာမျိုး လုပ်လို့ရပါတယ်။
(6) ဆလင်ဒါပါဝါရှိသူတွေအတွက် မျက်ကပ်မှန် (Toric Lenses for Astigmatism)
ဆလင်ဒါပါဝါရှိသူတွေအတွက် မျက်ဆံ (Eyeball) ရဲ့ ပုံသဏ္ဍာန်ကို ပြုပြင်ပေးတဲ့ မျက်ကပ်မှန်ဖြစ်ပြီး အပျော့၊ အမာ၊ အရောင်ပါတာ ကြိုက်ရာသုံးလို့ ရပါတယ်။
ဘယ်လိုမျက်ကပ်မှန် အမျိုးအစားကိုပဲတပ်တပ် မျက်စိထဲမှာ တိုက်ရိုက်တပ်ထားရတာ ဖြစ်တဲ့အတွက် သန့်ရှင်းဖို့နဲ့ မျက်စိကို မထိခိုက်ဖို့က အရေးအကြီးဆုံးပါ။
ဟက်ပီးလေးတို့လည်း မိမိနဲ့ သင့်တော်တဲ့ မျက်ကပ်မှန်ကို ရွေးချယ်နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်